International News

ထိုင်းနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု တန်ချိန်(၁၀) သန်းအောက်တွင်သာရှိလိမ့်မည်

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ဘတ်ငွေတန်ဖိုးမြင့်တက်မှု၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မိုးခေါင်မှုတို့ကြောင့် ယှဉ်ပြိုင်စွမ်းအားနှင့်ထောက်ပံ့မှု ကျဆင်းခြင်းတို့ ဖြစ်ပေါ်ကာ  ယခုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် (၇.၅) သန်း တင်ပို့ရန်မျှော်လင့်ထားပြီး ၎င်းမှာ ဒုတိယနှစ်မြောက် ဆန်တန်ချိန် (၁၀) သန်း အောက်သို့ကျဆင်းခြင်းလည်း ဖြစ်ပါသည်။

ပြည်ပကုန်သွယ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က စုစုပေါင်း ဆန်ဖြူတန်ချိန် (၃.၁၇) သန်းကို ဖိလစ်ပိုင်၊ အန်ဂိုလာ(Angola) ဘီနင်း (Benin) ကင်မရွန်းနှင့် တရုတ်နိုင်ငံများသို့ ဉီးစွာပဏာမတင်ပို့ခဲ့ကြောင်း၊ ပေါင်းဆန် (Parboiled rice) တန်ချိန် (၂.၂၃) သန်း နှင့်ထိုင်းဟုမ်းမလိဆန်တန်ချိန် (၁.၁) သန်းကိုလည်း တင်ပို့မှာဖြစ်ကြောင်း၊ ကျန်ဆန်များမှာ ကောက်ညှင်းဆန်နှင့် အခြားဆန်အမျိုးအစားများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အတွက် ပြည်ပ တင်ပို့မှု စုစုပေါင်းတန်ဖိုးအနေဖြင့် ဘတ်ငွေ (၁၃၁) ဘီလီယံခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ပြည်ပကုန်သွယ်ရေးဉီးစီးဌာနက ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် (၇.၅၈) သန်းတင်ပို့ခဲ့ပြီး တန်ဖိုးမှာဘတ်ငွေ (၁၃၁) ဘီလီယံရှိကြောင်း၊ တင်ပို့မှုအနေဖြင့် (၃၂%) နှင့်တန်ဖိုးအားဖြင့် (၂၅%) အသီးသီးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့(၁၁.၂.၂၀၂၀ရက်နေ့) က ပြောကြားခဲ့ပါသည်။

အဓိက ဆန်အများဆုံးတင်ပို့သည့်ဈေးကွက်မှာ ဘီနင်း (Benin) ဖြစ်ပြီး ထိုင်းဆန်တန်ချိန် (၁.၀၇)သန်းကိုတင်သွင်းခဲ့ကြောင်း၊ ၎င်းနောက်တွင် တောင်အာဖရိက နိုင်ငံရှိပြီး ဆန်တန်ချိန် (၇၃၀,၀၀၀)တင်သွင်းခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံမှလည်း ထိုင်းဆန်တန်ချိန်(၅၆၀,၀၀၀)တင် သွင်းခဲ့ပါသည်။ Mr. Keerati ကပြောကြား ရာတွင် ယမန်နှစ်တွင် ဆန်တင်ပို့မှုသိသိသာသာကျဆင်းခဲ့ရခြင်းမှာ ဘတ်ငွေတန်ဖိုးမြင့်တက်မှုကြောင့်ဖြစ်ပြီး ၎င်းက ထိုင်းဆန်ဈေးနှုန်းကို ပြိုင်ဖက်များ၏ ဈေးနှုန်း ထက်မြင့်မားစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံအနေဖြင့်ဆန်တင်သွင်းသည့်နိုင်ငံအဖြစ်မှ ဆန်တင်ပို့သည့်နိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိလာကြောင်း၊ သိုလှောင်ထားသည့် များပြားလှသည့် ဆန်တန်ချိန် (၁၂၀) သန်းမှာ ထိုင်းနိုင်ငံ၏အာဖရိက ဈေးကွက်ကိုလျှော့ကျစေခဲ့ပါသည်။ Mr. Keerati က ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင်ယှဉ်ပြိုင်ရန် ဆန်အမျိုးအစားများစွာ မရှိကြောင်းပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင်ရေပန်းစားလူကြိုက်များနေသော ဆန်ပျော့အမျိုးအစား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်စပါးဉီးစီးဌာန၊ ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း၊ ထိုင်းဆန်စက်ပိုင်ရှင်များအသင်းနှင့် လယ်သမားကိုယ်စားလှယ်များပါဝင်သော အဖွဲ့ကို ဖွဲ့စည်းထားခဲ့ပါသည်။

အကြောင်းမှာ စားသုံးသူများ၏ အရသာခံစားမှုအကြိုက် (Tastes) မှာ ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် Kor Khor 79 ကဲ့သို့သော အရည်အသွေးကောင်း နှင့် အထွက်နှုန်းကောင်းသည့် ပျော့ပြောင်းသောဆန် (soft-textured grains) အမျိုးအစားကို ထုတ်လုပ်ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်း၊ အာဏာပိုင်များ အနေဖြင့်ဆန်ကိုဈေးနှုန်း သက်သက်သာသာဖြင့် ယှဉ်ပြိုင်စေချင်ကြကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအား အမြန်ဆုံးပြီးစေလိုကြောင်း၊ မေလခန့်တွင် စီးရန် မျှော်လင့်ကြောင်း Mr. Keeratiကပြောကြားခဲ့ပါသည်။

ထိုင်းဆန်တင်ပို့သူများအသင်းဉက္ကဌ Charoen Laothamatas က ထိုင်းနိုင်ငံအနေဖြင့် နှစ်ပေါင်း (၃၀) အတွင်း အလားတူဆန်များကိုသာ တင်ပို့ခဲ့ကြောင်းနှင့် စားသုံးသူများ၏ အပြုအမူ (Behaviour) များနှင့် ဈေးကွက်ဝယ်လိုအား(Market demand) တို့နှင့် လိုက်လျော ညီထွေကိုက်ညီမှုရှိစေရေးအတွက် မိမိတို့အနေဖြင့် ဆန်အမျိုးအစား အများအပြားကို ပိုမိုရွေးချယ်ရန် လိုအပ်လာပြီဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News